မုံရွာ မတ် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ကန့်ဘလူမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၅၂၅) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၅) ရာခိုင်နှုန်း၊ ရွှေဘိုမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၂၂) ဦး၊ ကျွန်းလှမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၉၉) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၁) ရာခိုင်နှုန်း၊ စစ်ကိုင်းမြို့နယ်တွင် ဖြေဆိုသူသူစုစုပေါင်း (၈၀၂)ဦး၊ ကသာမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၇၅)ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၄.၈) ရာခိုင်နှုန်း၊ တမူးမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၃၅)ဦး ဖြေဆိုကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၄) ရာခိုင်နှုန်း၊ ရေဦးမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၆) ဦးဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများမှသိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိကာ တာဝန်ရှိသူများကလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။