ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် နေအိမ်(၃)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

ကန်ကြီး‌ထောင့် မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဒေါ်ရွှေအေး၊ ဦးအေးထွန်းနှင့် ဒေါ်စန်းဝင်းတို့၏ နေအိမ်(၃)လုံ ယနေ့နေ့လယ် (၁၀)နာရီ (၂၅)မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ်(၆)ရပ်ကွက်နေ ဒေါ်ရွှေအေး၏ (ဓနိမိုး၊ ထရံကာ၊ ဝါးတိုင်၊ ဝါးကြမ်းခင်း) တဲအိမ်ရှိ မီးဖို၊ မီးကြွင်းမီးကျန်မှ စတင်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ ၎င်းအနီးရှိ ဦးအေးထွန်း၏ (ဓနိမိုး၊ ထရံကာ၊ ဝါးတိုင်၊ ဝါးကြမ်းခင်း)နေအိမ်နှင့် ဒေါ်စန်းဝင်း၏ (သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း)နေအိမ် တို့အား မီးကူးစက် လောင်ကျွမ်းခဲ့ပြီး စုစုပေါင်းနေအိမ်(၃)လုံး မီးလောင်ကျွမ်းခဲ့ရာ ထိုသို့ မီးလောင်ကျွမ်းမှုကြောင့်  စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၉၀၀၀၀/-)(ကျပ်ကိုးသောင်း)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်‌သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၁)ဦးနှင့် ဌာနဆိုင်ရာများ၊  တာဝန်သိပြည်သူများက  ချက်ချင်းသွားရောက်၍  စုစုပေါင်း မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ကြရာ (၁၀)နာရီ (၃၅)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၀)နာရီ (၄၅)မိနစ်အချိန်တွင် မီးငြှိမ်းသွားခဲ့သည်။ ထိုသို့ မီးလောင်ကျွမ်းမှုတို့ကြောင့် နေအိမ်ပိုင်ရှင် ဒေါ်‌ရွှေအေးသည် ထိန့်လန့်ကြောက်ရွံ့ပြီးလဲကျခဲ့သဖြင့် ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင် ထားရှိကြောင်း သတင်းရရှိသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)