ပြည်ကြီးမဏ္ဍိုင် မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေကိုအသုံးပြု၍ စိုက်ပျိုးထားသော ဘူးသီးများလှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဘူးပင်များကို အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ဉယျာဉ်ခြံများတွင်လည်းကောင်း မြေအောက်ရေသွင်း၍ မျိုးစေ့ချစိုက်ပျိုးကြပြီး အပင်များအသီးအထွက်နှုန်းကောင်းမွန်စေရန်နှင့် ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ၄၅ ရက် အကြာတွင် ခူးဆွတ်ရောင်းချကြောင်း စိုက်ပျိုးရေးတောင်သူတစ်ဦးက ပြောသည်။
ဘူးသီးစတင်ခူးဆွတ်ချိန်တွင် ပေါက်ဈေးမှာ အလုံးအရွယ်အစားအလိုက် အလုံးကြီးတစ်လုံးကို ၂၅၀၀ ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၁၅၀၀)မှ (၁၀၀၀)ကျပ်အထိ ရရှိပြီး ထွက်ရှိသည့အသီးများကို လေညာအရှေ့ ရပ်ကွက်ရှိ ဈေးဆိုင်များတွင်ဖောက်သည်ပေးခြင်း၊ ခြံတွင်းသို့ ကိုယ်တိုင်လာရောက် ဝယ်ယူခြင်းများလည်းရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ပြည်သူများသည် တောင်ယာနှင့်ဉယျာဉ်ခြံများကို စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက်ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)