မင်းဘူး မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာန (၃) ခုတွင် ကျင်းပခဲ့ရာ ပထမနေအဖြစ် မြန်မာစာ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူပေါင်း (၇၃၈) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁) မင်းဘူး၊ အ.ထ.က စကုနှင့် အ.ထ.က မုန်တောင်ကျောင်းတို့တွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနေမှုများကို မင်းဘူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း/ကျောင်းပြင် ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၃၁၄) ဦး၊ ကျောင်းသူ (၄၄၅) ဦး၊ စုစုပေါင်း (၇၅၉) ဦးရှိကြောင်း၊ ယနေ့ စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၃၀၂) ဦး၊ ကျောင်းသူ (၄၃၆) ဦး၊ စုစုပေါင်း (၇၃၈) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား (၁၂) ဦး၊ ကျောင်းသူ (၉) ဦး၊ စုစုပေါင်း (၂၁) ဦးအထိရှိကာ ဖြေဆိုသည့် ရာခိုင်နှုန်းအားဖြင့် (၉၇) ဒသမ (၂၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က ပြောသည်။
အဆိုပါ ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက နေ့စဉ် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)