ပေါက်မြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်

 ပေါက် နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ နယ်၌ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းတွင် မွေးကင်းစမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ယင်းသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးမှုအစီအစဉ်တွင် ရပ်ကွက်/ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမိခင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးပေးရခြင်းနှင့် ပတ်သက်၍ ကာကွယ်နိုင်သည့် ရောဂါများအကြောင်းကို ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် မိခင်များတစ်ဦးခြင်းစီသို့ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

 ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးရာတွင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ ကလေးငယ်များအား ဝက်သက်-ဂျိုက် သိုးရောဂါ၊ ဂျပန် ဦးနှောက်ရောင် ရောဂါပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ ဘီစီဂျီကာ ကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယို ကာ ကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ် ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင် ရောဂါနှင့် ကိုယ်ဝန် ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ် ဆေးတို့ကို ထိုးနှံတိုက်ကျွေး ခဲ့ကြခြင်း ဖြစ် ကြောင်း သိရသည်။

ဉာဏ်တိုး​(ပေါက်)