ရွှေကျင် မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးထောက်ပံ့ငွေများကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်(၈) ရပ်ကွက်ရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၉၃) ဦးတို့အား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။
နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက်(၈၅) နှစ်အထက် သက်ကြီးအဘိုး၊ အဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ လူမူရေးပင်စင်ရရှိသော အဘိုး၊ အဘွား (၉၃) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၃) သောင်းစီဖြင့် စုစုပေါင်းငွေကျပ် (၂၇၉၀၀၀၀) ကို ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသေးသော ကျေးရွာများမှ အဘိုးအဘွားများအား ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)