ပြည် မတ် ၁၁
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်မြို့နယ်ရှိ စာစစ်ဌာန ၅ ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ဖြေဆိုလျက်ရှိသည်။
ပြည်မြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(၄)၊ အ.ထ.က(၅)၊ အ.ထ.က(ဝက်ထီးကန်)နှင့် အ.ထ.က(ပေါင်းတလည်) အစရှိသည့် စာစစ်ဌာန ၅ ခုဖွင့်လှစ်ထားရှိကာ ယင်းစာစစ်ဌာနများတွင် ကျောင်းတွင်းဖြေ ၇၆၃ ဦးနှင့် ကျောင်းပြင်ပဖြေ ၇၉ ဦး၊ စုစုပေါင်း မြို့နယ်ချုပ်ဖြေဆိုသူ စာရင်းရှိ ၈၄၂ ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရပြီး ယနေ့တွင် အဆိုပါစာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာစာဘာသာရပ် စတင်ဖြေဆိုနေမှုအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်၊တိုင်းခွဲပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများအဖွဲ့က လိုက်လံကြည့်ရှုအားပေးလျက်ရှိသည်။
ထို့အပြင် အဆိုပါစာစစ်ဌာန ၅ခု၌ ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် မိဘဆရာအသင်းတာဝန်ရှိသူများအဖွဲ့က သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)