ဒေးဒရဲ မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဘိလပ်မြေရောင်းချလျက်ရှိသည့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၁)က မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသိန်းမောင် ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဘိလပ်မြေဆိုင်များ အရောင်းလိုင်စင် ရှိ/မရှိ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ ကုန်လက်ကျန်နှင့်ပစ္စည်း ပြတ်လပ်မှုမရှိစေရေး၊ ကုန်ပစ္စည်းများအား သတ်မှတ်အရည်အသွေးများနှင့်အညီ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များနှင့် ကုန်ပစ္စည်းများ စျေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေးနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း