နတ်မောက် မတ် ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ယဉ်ကျေးလိမ္မာပရဟိတနည်းပြဆရာမ ဒေါ်မော်မော်ဌေးတို့ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီအချိန်၌ လူငယ်လူရွယ်များအား ယဉ်ကျေးလိမ္မာသင်ကြားပေးလျက်ရှိသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်ကြားခြင်းဖြင့် စိတ်ထားနူးညံ့သည့် လူငယ်လူရွယ်များကို ပိုမိုယဉ်ကျေးလိမ္မာလာစေရန်၊ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကို သိတတ်စေရန်၊ မိဘ၊ ဆရာသများအပေါ် ကျေးဇူးသိတတ်စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်စေရန်ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ပြီး ယဉ်ကျေးလိမ္မာစေရေး လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်၊ ဩကာသကန်တော့ကျိုး၊ ငါးပါးသီလတောင်းခံပုံနှင့် လူငယ်လူရွယ်များ သိသင့်သိထိုက်သည့် အခြေခံဗုဒ္ဓတရားတော်များအကြောင်းကို သင်ကြားပေးလျက်ရှိသည်။ “အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်များကို နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပတ်စဉ်စနေ၊ တနင်္ဂနွေ နေ့များတွင် အမျိုးကို ချစ်တတ်စေရန်၊ ဘာသာသာသနာကို ပိုမိုယုံကြည်သက်ဝင်စေရန်အတွက် ယခုလိုယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပြီး အခြေခံဗုဒ္ဓတရားတော်များကို သင်ကြားပေးခြင်းဖြစ်ပါတယ်” ဟု နည်းပြဆရာမ ဒေါ်ချိုချိုသင်းက ပြောသည်။
လှဝင်း