ကြံခင်း မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဂိုဏ်းထောက် ကျောင်းတိုက်ပဓာနနာယကဆရာတော်ဘုရားကြီး သာသနဓဇဓမ္မာစရိယ၊ ဘဒ္ဒန္တစန္ဒောဘာသ၏ ဩဝါဒကို ဦးထိပ်ပန်ဆင်၍၊ တိုက်အုပ်ဆရာတော်ဘဒ္ဒန္တကုသလ၏ ဦးဆောင်မှုဖြင့်၊ ကြံခင်းမြို့ ဗိုလ်ချုပ်လမ်း ငါးသုံးလုံးမုန့်တိုက်မိသားစု ကောင်းမှုကုသိုလ်အဖြစ် နှစ်ပေါင်း(၁၆၈)နှစ်ရှိပြီးဖြစ်သော ရှေးဟောင်းသမိုင်းဝင်သန္တိသုခစေတီမြတ်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ထားကိုးကွယ်၍ ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်တင်လှူခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဂိုဏ်းထောက် ကျောင်းတိုက်၊ ပရဝုဏ်အတွင်းကျင်းပခဲ့သည်။
အခမ်းအနားကို အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှစ်ခိုးဖွင့်လှစ်ပြီး သာသနဓဇဓမ္မာစရိယဘဒ္ဒန္တ စန္ဒောဘာသဂိုဏ်းထောက်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံ ယူဆောက်တည်ပြီးနောက်၊ ပင့်သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသည်၊
ဆက်လက်၍ ရတနာစိန်ဖူးတော်နှင့်ရွှေထီးတော်၊ ကောင်းမှုရှင်၊ အလှူရှင်၊ မိသားစုတို့က၊ ဂိုဏ်းထောက် ကျောင်းတိုက်ဆရာတော်ကြီးနှင့် နာယကဆရာတော်ကြီးတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် သံဃာတော်အရှင်မြတ်များ ဦးဆောင်၍ ရတနာစိန်ဖူးတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများကို အလှူရှင်ဒါယကာ၊ ဒါယိကာမတို့က ပင့်ဆောင်ကာ၊ သန္တိသုခ စေတီတော်မြတ်ကြီးအား၊ လက်ယာရစ်သုံးပတ်ပူဇော်ခဲ့သည်။
ယင်းနောက် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူမည့်ယာယီမဏ္ဍပ်သို့ ပင့်ဆောင်ကာ၊ ဆရာတော်ကြီးများ၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် စေတီတော်၊ ရွှေထီးတော်အလှူရှင်များက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခဲ့ကာ၊ ထီးတော်တင်လှူပွဲကျင်းပခဲ့ပြီး နောက်ရွေမိုး ငွေမိုးရွာသွန်းဖြိုးခဲ့ကာ၊ သန္တိသုခ၊ စေတီတော်မြတ်ကြီးအား၊ ဆရာတော်သံဃာတော်အရှင်မြတ် (၄၅)ပါးတို့က ဗုဒ္ဓါဘိသေကဘုရားအနေက ဇာတင်တရားတော်များ ရွတ်ပွားပူဇော်ခဲ့ပြီးနောက်၊ သန္တိသုခ၊ ရှေးဟောင်းစေတီတော်မြတ်ကြီးအား ရှေးမူမပျက်၊ ပြန်လည်ပြုပြင်တည်ထားကိုးကွယ်ကာ၊ ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ပင့်သံဃာ(၄၅)ပါးတို့အား ဆွမ်းစသောဒါနဝတ္ထုအစုစုတို့ဖြင့်လှူ ဒါန်းပူဇော်ပြီး၊ ဆရာတော် ဘဒ္ဒန္တအရိယာနန္ဒ (လေးမျက်နှာ ပရဟိတကျောင်းတိုက်ဆရာတော်)ထံမှ လှူဒါန်းမှုအစုစုအတွက် တရားနာယူကာ စေတနာရှင် အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး၊ (ဗုဒ္ဓသာသနံစိရံတိဌတု) သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ ရွှေမိုးငွေ မိုးရွာသွန်းဖြိုးခဲ့ပြီးနောက်၊ စေတနာရှင်အလှူရှင်များက ဆရာတော်သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက်၊ ဧည့်ပရိသတ်အပေါင်းအား နေ့လည်စာအဟာရများဖြင့် လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်၊
မြို့နယ်(ပြန်/ဆက်)