သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

သာယာဝတီ မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉)နာရီမှစတင်၍ ကျင်းပလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် မြန်မာစာဘာသာရပ်အား ဖြေဆိုလျက်ရှိ​သည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုတွင် ကျင်းပလျက်ရှိရာ အ.ထ.က (၁) သာယာဝတီ စာစစ်ဌာနတွင် ကျောင်းသား (၁၂၇)ဦး၊ ကျောင်းသူ(၁၇၉)ဦး၊ အ.ထ.က (သုံးဆယ်) စာစစ်ဌာနတွင် ကျောင်းသား (၁၀၁)ဦး၊ ကျောင်းသူ (၁၅၃)ဦး၊ စာစစ်ဌာနနှစ်ခုတွင် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၆၀)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း၊ စာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ တစ်ရက်လျှင် (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအချိန်ထိ  (၃) နာရီကြာ ဖြေဆိုရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)