မင်းဘူး (စကု) မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

မင်းဘူး မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ် တောင်မန်းကျေးရွာနှင့် ကြီးပင်ကန်ကျေးရွာများသို့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းသူတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးကြသည့် ကမ္ဘာ့နိုင်ငံများအကြောင်း ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်နှင့် ထမ်းဆောင်ရမည့်ကာလ အပိုင်းအခြားများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မင်းဘူးမြို့ မြို့နယ်ရဲစခန်းမှ ရဲမှူးလှိုင်ဝင်း၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်၊ မင်းဘူးမြို့၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဦးဟိန်းထက်ဦးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်များ ဘာကြောင့် စစ်မှုထမ်းဥပဒေကို ကျင့်သုံးရကြောင်း၊ ဥပဒေဆိုင်ရာအကြောင်းအရာများ စစ်မှုထမ်းရမည့် အသက်အရွယ် အမျိုးသားအမျိုးသမီးများ၏ အသက်အရွယ်နှင့်  ကျွမ်းကျင်မှုဘာသာရပ် ပညာတတ်ကျွမ်းမှုများ ပြည်သူ့စစ်မှုထမ်းခြင်းမှရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ ဥပဒေပါပြဒါန်းချက် များနှင့်ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလို ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကောလဟာလသတင်းများ ပျံနှံလာမှုအပေါ် ယုံကြည်မှုမရှိကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးရှင်းလင်းခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေငှခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)