သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ  ဝယ်လိုအားကျဆင်း

သံတောင်ကြီး  မတ်  ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလျက်ရှိရာ နှစ်တိုပင်ဖြစ်သော ငှက်ပျောပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ငှက်ပျောပင်များသည် ရာသီမရွေးအသီးသီးသော သီးနှံဖြစ်ပြီး ယခုအချိန်တွင် သံတောင်ကြီး ဒေသထွက် ငှက်ပျောသီးများ လှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားနည်းကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အဓိကစိုက်ပျိုးသော ငှက်ပျောသီးအမျိုးအစားများမှာ သီးမွှေးငှက်ပျောပင်၊ ရွှေနီငှက်ပျောပင်၊ ရွှေဝါငှက်ပျော ပင်များဖြစ်ပြီး အဆိုပါငှက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀)လခန့်တွင်ငှက်ပျောခိုင်အရင့်များ ဆွတ်ခူးကာ သံတောင်ကြီးမြို့ ပေါ်များသာမ တောင်ငူမြို့ရှိ ငှက်ပျောသီး အဝယ်ဒိုင်များထံတွင်တင်ပို့ ရောင်းချကြသည်။

သံတောင်ကြီးမြို့သည် ယခုအချိန်တွင် ခရီးသွားလာမှုနည်းပါးခြင်း၊ ဒေသထွက်က်ကုန်ပစ္စည်းများ ဝယ်လိုအားကျဆင်းခြင်းတို့ကြောင့် ငှက်ပျောသီးများလှိုင်လှိုင်ထွက်ရှိသော်လည်းငှက်ပျောသီးအကြီး တစ်ဖီးကိုကျပ် (၁၂၀၀) မှကျပ် (၁၅၀၀) ထိသာရရှိကြောင်း  ငှက်ပျော စိုက်တောင်သူ ဦးတော်နယ်ထံက သိရသည်။

နော်နော်မူ