ကျွန်းစု မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းနိုင်က (ဝန်ကြီးဆောင်) တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူများ တည်းခိုသည့် နေရာတွင် မီးလောင်မှုများ၊ မီးလန့်မှု မဖြစ်ပွားစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်၍ ရေစိုအဝတ်ဖြင့် ဖုံးအုပ်၍ မီးငြှိမ်းသတ်နည်းအား ပညာပေး သရုပ်ပြခဲ့ကြပြီး တက်ရောက်လာသူများအား လက်တွေ့ စမ်းသပ်ငြှိမ်းသတ်ခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ကြည့်ရှူအားပေးခဲ့ကြသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အထက-ကျွန်းစု စာစစ်ဌာန၌ ကျန်းမာရေး ဆေးပေးခန်း၊ စာစစ်ရုံးခန်း၊ သီးသန့်စာဖြေခန်းနှင့် စာဖြေခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာနှင့် တာဝန်ရှိသူများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)