မန်းရွှေစက်တော်ဘုရားပွဲ ဘုရားဖူးပြည်သူ ပိုမိုများပြားလာ

မင်းဘူး မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်မှ မန်းရွှေစက်တော်ဘုရားပွဲသည် မတ်လမှစတင်ကာ လာရောက်ဖူးမြော်သည့် ဘုရားဖူးပြည်သူ ပိုမိုများပြားလာကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ ဒုတိယဥက္ကဌ ဦးသိန်းလှိုင်ထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားသည် ပွဲတော်ကာလ ရက်ရှည်ကြာစွာ ကျင်းပပြီး၊ ဘုရားပွဲကျင်းပသည့်ကာလတွင် အငြိမ့်ပွဲ၊ ဇာတ်ပွဲနှင့် တေးသီချင်းဖျော်ဖြေပွဲများ ထည့်သွင်းကျင်းပခြင်းမရှိသော်လည်း နေ့စဉ် လာရောက် ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးဧည့်သည်များဖြင့် အမြဲ စည်ကားလျက် ရှိသည်။

မင်းဘူးမြို့တွင် ရှင်ပင်စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်စသော အထင်ကရနေရာများနှင့် အပန်းဖြေ လေ့လာကြည့်ရှုစရာ မန်းချောင်းအပန်းဖြေဆင်စခန်း၊ ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်မှ ရွှေသမင်နှင့် ကြယ်လိပ်ခြံများနှင့် ဘုရားကြီး၏တန်ခိုးတော်များကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလှသည်။

ယခုနှစ်တွင် ဘုရားပွဲလာခရီးသွားပြည်သူများအား အေးချမ်းစွာ ဖူးမြော်နိုင်ရန် ကင်းပတ်ခြင်း၊ ကင်းလှည့်ပေးခြင်းဖြင့် လုံခြုံရေးအပြည့်ဝန်ဆောင်မှုပေးထားသည့်အပြင် လူတန်းစားအသီးသီး တည်းခိုနိုင်ရန် ကုန်းတွင်းပိုင်းတည်းခိုဆောင်တစ်ခန်းလျှင် ၃၅၀၀၀ ကျပ်၊ ရေစပ်တည်းခိုဆောင် တစ်ခန်းလျှင် ၅၀၀၀၀ ကျပ်နှင့် နမ္မဒါ (၁)၊ နမ္မဒါ (၂)၊ နမ္မဒါ (၃) စသော အဆင့်မြင့် တည်းခိုဆောင်များတွင် ပထမတန်းအခန်း တစ်ရက်လျှင် ၁၀၀,၀၀၀ ကျပ်၊ ဒုတိယတန်းအခန်း တစ်ရက်လျှင် ၈၀၀၀၀ ကျပ်၊ တတိတန်းအခန်း တစ်ရက်လျှင် ၅၀၀၀၀ ကျပ်သာ ကောက်ယူလျက်ရှိသည့်အပြင် ဆရာတော် သံဃာတော်များအတွက် သီးသန့်အခန်းများ စီစဉ်ပေးထားကြောင်း သိရသည်။

မန်းရွှေစက်တော်ဘုရားသို့ လာရောက်ဖူးမြော်သည့် ဘုရားဖူးများ အဆင်ပြေပြေ ဝယ်ယူစားသုံးနိုင်ရန် ဈေးဆိုင်ခန်းပေါင်း ၉၀၀ ကျော် ဆောက်လုပ်ထားပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။ ထို့အပြင် ယခုနှစ် မတ်လပိုင်းမှစတင်ကာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူ၊ လေ့လာလည်ပတ်သူ တစ်နေ့လျှင် ၇၀၀၀ ကျော်ဖြင့် ယခင်ရက်များထက် ပိုမိုစည်ကား များပြားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)