ဂန့်ဂေါ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးနှင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့ရှိ မြို့တွင်းလမ်းဆုံ၊ အမှတ်(၁၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု မှူးရုံး(ဂန့်ဂေါ)ရှေ့ လမ်းဆုံ၊ သာသနာ့ဗိမာန်ရှေ့လမ်းဆုံနှင့် ဂန့်ဂေါမြို့ မြို့အဝင်/မြို့အထွက် စစ်ဆေးရေးဂိတ်တို့တွင် ယနေ့နံနက် (၈:၃၀)နာရီမှ(၁၀)နာရီထိ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask)များအခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန် ရည်ရွယ်ပြီး ဂန့်ဂေါမြို့နယ် အထွေထွေ အုပ်ချုပ်ဌာနမှ ဝန်ထမ်းများ၊ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဦးခင်မောင်ထွန်းနှင့်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ပြည်သူများ ဝင်ထွက်သွားလာမှုများပြားသည့် မြို့မဈေးနှင့်ခရိုင်ပြည်သူ့ဆေးရုံရှေ့ရှိ မြို့တွင်းလမ်းဆုံနေရာ၊ အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (ဂန့်ဂေါ)ရှေ့လမ်းဆုံ၊ သာသနာ့ဗိမာန်ရှေ့လမ်းဆုံနှင့် ဂန့်ဂေါမြို့ မြို့အဝင်/မြို့အထွက်စစ်ဆေးရေးဂိတ် တို့တွင် နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ နေအိမ်ပြင်ပသွားလာခြင်းမပြုရန် အသိပညာပေးခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာ ပေးခြင်းများဆောင်ရွက်ကာ နှာခေါင်းစည်း(Mask)(၁၀၀၀)ခန့် ကို အခမဲ့ဖြန့်ဝေပေး ခဲ့သည်။
ယခုအခါတွင် COVID-19 ရောဂါပြန့်ပွားမှုများပြားလာသည့်အတွက် ဂန့်ဂေါမြို့နယ်ရှိ ပြည်သူများ သည် နေအိမ်ပြင်ပသို့မဖြစ်မနေသွားလာရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း(Mask)များကိုစနစ်တကျတပ်ဆင်သွားလာကြရန် တာဝန်ရှိသူများက နေ့စဉ် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းသန်း(ပြန်/ဆက်)