ပွင့်ဖြူ မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက် စိုက်ပျိုးထားရှိသည့် စားတော်ပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာယခင်နှစ်ကထက် သီးနှံအထွက်နှုန်းများလည်း ပိုမိုကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားတော်ပဲသီးနှံ ၃၁၈၅ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၃၁၉၂ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်းသိရသည်။ ယခုအခါ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် အားထားစိုက်ပျိုးခဲ့သည့် စားတော်ပဲသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်း ခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဖေဖော်ဝါရီလ တတိယပတ်ကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယနေ့အထိ ၆၀၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
" ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ပဲမျိုးစုံသီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ဖို့နဲ့ စားနပ်ရိက္ခာဖူလုံစေဖို့အတွက် ရည်ရွယ်ပြီးတစ်မြို့နယ်လုံး စားတော်ပဲသီးနှံစိုက်ဧက ၃၁၈၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာမှာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၃၁၉၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဆောင်းသီးနှံစားတော်ပဲကို ဒေသခံတောင်သူတွေက နိုဝင်ဘာလကစတင်စိုက်ပျိုးခဲ့တာဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ ယခုဆိုရင် စားတော်ပဲသီးနှံစိုက်ခင်းတွေက ရိတ်သိမ်းခြွေလှေ့လို့ရပြီဖြစ်တာကြောင့် ဒေသခံတောင်သူတွေက နွေသီးနှံပြန်လည်စိုက်ပျိုးဖို့အတွက် လှိုင်လှိုင်ရိတ်သိမ်း ခြွေလှေ့နေကြပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ဆိုရင် တစ်ဧကကိုပျမ်းမျှ တင်း (၂၀) ခန့် ထွက်ရှိပါတယ်။ သီးနှံဈေးနှုန်းကလဲ ပေါ်ဦးပေါ်ဖျားမှာ စားတော်ပဲသီးနှံ တစ်တင်းကိုငွေကျပ် ၁၀၁၀၀၀ ဈေးနဲ့ရောင်းချနေရပါတယ်။ ဒေသခံတောင်သူတွေကိုလည်း စားတော်ပဲသီးနှံ ရိတ်သိမ်းခြွေလှေ့မှုနဲ့ပတ်သက်ပြီး သီးနှံလေလွင့်ဆုံးရှုံးမှုမရှိစေဖို့ လိုအပ်တဲ့သီးနှံရိတ်သိမ်း ခြွေလှေ့နည်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နှစ်စဉ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဈေးကွက်ရှိသည့် စားတော်ပဲ ၊ ကုလားပဲ ၊ မတ်ပဲ၊ ထောပတ်ပဲ ၊ ပဲယင်း၊ ပဲကြီး၊ ပဲလွမ်းစသည့် ပဲမျိုးစုံသီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့စိုက်ပျိုးရာ၌ အချို့တောင်သူများက ပဲမျိုးစုံသီးနှံအား သီးသန့်စိုက်ပျိုးကြသလို နှစ်သီးစားဝင်ငွေရရှိရေးအတွက် အခြားသီးနှံများနှင့်ရောနှော၍ သီးထပ်သီးညှပ် စိုက်ပျိုးကြကြောင်းသိရသည်။ ယခုနှစ်တွင် သီးနှံဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးခဲ့သည့် စားတော်ပဲသီးနှံစိုက်ခင်းများမှာ ပိုးမွှားကျရောက်မှု မရှိသည့်အတွက် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ယခင်နှစ်ကထက် သီးနှံအထွက်နှုန်းများ ကောင်းမွန်ခဲ့သည့်အပြင် ရောင်းချရာတွင်လည်း ဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)