ကျွန်းလှ မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မျိုးစေ့ထုတ်လုပ်ခြင်း သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။
သင်တန်းတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်ရခြင်း အကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုလက်ထောက်ဦးစီးမှူး ဦးရဲလင်းထွန်းက ဟင်းသီးဟင်းရွက် စိုက်ပျိုးရာတွင် စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ ဟင်းသီးဟင်းရွက်အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်ရေးတို့ကိုရှင်းလင်းပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ယင်းနောက် တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးများ ပေးအပ်ပြီး ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံ ၁၀၆၅ ဧကစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ