ရွှေဘို နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ စီမံကိန်းလုပ်ငန်းများအား ယနေ့နံနက် ၈နာရီက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့် နှင့် တာဝန်ရှိသူများက ခင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဒုတိယ (၆)လပတ် လုပ်ငန်းများနှင့် စာရင်းဇယားများအား ကွင်းဆင်းစစ်ဆေး၍ ဝန်ထမ်း များနှင့် တွေ့ဆုံကာ လုပ်ငန်းစွမ်းဆောင်ရည် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မြေနီလျှို ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်းအား ကွင်းဆင်း စစ်ဆေးပြီး ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ကျေးရွာကော်မတီများအား ဆွေးနွေးမှာကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ခင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်း ရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သက်သာပန်းတောင်းကျေးရွာ၊ ဗျိုင်းကြိုင် ကျေးရွာတို့၏ စီမံကိန်း စာရင်းဇယားများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များအား စီမံကိန်းနှင့်ပတ်သက်၍ လိုအပ် သည်များ မှာကြားဆောင်ရွက်ခဲ့ကြကြောင်းသိရပြီး အဆိုပါ သက်သာပန်းတောင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ အတိုးငွေ (၄၁.၁၃၄၅)သန်း ရရှိပြီး အတိုးရငွေဖြင့် ကျေးရွာတွင်းလမ်းနှင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဗျိုင်းကြိုင် ကျေးရွာမြစိမ်းရောင်စီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ အတိုးငွေ (၂၀.၃၃၇၇၅)သန်း ရရှိပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးမြင့်က ထံမှသိရသည်
ထွန်းမြင့်အောင်(ရွှေဘို)