ကျောင်းသားကျောင်းသူများ၊ ကြီးကြပ်ဆရာဆရာမများနှင့် မိဘအုပ်ထိန်းသူများအား တွေ့ဆုံခြင်းနှင့် စာစစ်ဌာနများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဘုတ်ပြင်း မတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသည့် ကျောင်းသာကျောင်းသူများ၊ ကြီးကြပ်ဆရာဆရာမများနှင့် မိဘအုပ်ထိန်းသူများအား ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များက ခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ယနေ့နံနက်က သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည် ။

ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာများမှ စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်အုပ်ထိန်းသူများအား နေထိုင်စားသောက်ရေး၊ သောက်သုံးရေးရရှိရေး၊ ကျန်းမားရေးကိစ္စရပ်များနှင့် လျှပ်စစ်မီးရရှိရေး၊ ကြိုပို့ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများနှင့်အတူ  နေထိုင်ရေး စီစဉ်ဆောင်ရွက်ထားသည့် အခြေခံပညာကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အုပ်ထိန်းသူမိဘဆရာများနှင့်တွေ့ဆုံ အားပေးစကားများပြောကြား၍ ကူညီရန်လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အ.ထ.က-ဘုတ်ပြင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး စာသင်ခန်းအတွင်းအပြင် ဆောင်ရွက်ထားရှိမှုများ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ စာစစ်ဌာနအပြင်စည်း၊ အတွင်းစည်း လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ပူးပေါင်းအဖွဲ့များနှင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-ဘုတ်ပြင်း စာစစ်ဌာနတစ်ခုတည်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောင်းတွင်းဖြေဆိုသူ (၁၅၀) ဦး၊ ပြင်ပဖြေဆိုသူ (၁၆) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၆၆)ဦး ဝင်ရောက်ဖြေဆိုမည်သွားမည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)