နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာရှိ တောင်သူများ နွားနဖားကြိုးကျစ်ရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိ

နတ်မောက် မတ် ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာရှိ တောင်သူများအနေဖြင့် မိမိတို့၏ တောင်သူလုပ်ငန်းခွင်ပြီးလျှင် အိမ်တိုင်းအိမ်တိုင်း အရွယ်ရောက်သည့် ကလေး၊ လူကြီးများ နွားနဖားကြိုးကျစ်ပြီး ဈေးကွက်အတွင်း ပို့ဆောင်ရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကြောင်း သိရသည်။ 

အင်းကုန်းကျေးရွာရှိ တောင်သူများမှာ နွားနဖားကြိုးကျစ်ခြင်းလုပ်ငန်းသည်  မိသားစုဝင်များ နေ့စဉ်ပုံမှန်ဝင်ငွေရသည့်အတွက် အဓိကထားလုပ်ကိုင်ကြပြီး ကုန်ကြမ်းများဖြစ်သည့် ထန်းလက်လျှော်၊ ပလတ်စတစ်ကြိုးခွေဖြင့် ပြုလုပ်ကာ ထန်းလက်လျှော်ကတော့ နတ်မောက်မြို့နယ် ရွှေပန်းတောကျေးရွာနဲ့ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများကို သွားဝယ်ရပါတယ်၊ ထန်းလက်လျှော် တစ်ရာလက်ကို (၁၅၀၀၀)ကျပ်၊ ပလတ်စတစ်ကြိုးအကြီးခွေ (၇၃၀၀)ကျပ် ပေးဝယ်ရပါတယ်၊ နွားနဖားကြိုးကျစ်ပြီး (၁၂)တောင် အရှည်တစ်ချောင်းကို (၃၀၀၀)ကျပ်၊ (၃)တောင် အတိုတစ်ချောင်းကိုတော့ (၈၀၀)ကျပ်ရောင်း ရပါတယ်။ တစ်နေ့ကို လူတစ်ယောက် နွားနဖားကြိုးကျစ်ရင်တော့ အချောင်း(၃၀)ပြီးပါတယ်။ ကျစ်ပြီးသားနွားနဖားကြိုးတွေကိုတော့ နတ်မောက်မြို့ မြို့မဈေးရှိ တောင်သူသုံးပစ္စည်းအရောင်းဆိုင်များတွင် တင်သွင်းရောင်းချခြင်း၊ မြို့သစ်မြို့နွားဈေးနေ့များတွင် သွားရောက်ရောင်းချကြကြောင်း အင်းကုန်းကျေးရွာ နွားနဖားကြိုးကျစ်သူ ဦးခင်မောင်ဝင်းပြောပြ၍ သိရသည်။

လှဝင်း