တန့်ဆည် နိုဝင်ဘာ ၄
သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက်စနစ် ဧရိယာတွင်ပါဝင်သော ကင်းတပ် လက်ယာ တူးမြောင်း၊ ကင်းတပ် လက်ဝဲတူးမြောင်း၊ ကာဘိုးရေလွှဲဆည် ရေဦးတူးမြောင်း၊ ရွှေဘိုတူးမြောင်း ဧရိယာများတွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးလျာထားဧက (၄၂၀၀၀၀)လျာထားခဲ့ပြီး ဆည်ရေဖြင့် ဧက (၄၄၀၀၀၀)ကျော် စိုက်ပျိုးခဲ့ကာ အောင်ရေရသည်အထိ ဆည်ရေပေးဝေရန် စီမံဆောင်ရွက်လျက်ရှိကြောင်းရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှသိရှိရပါသည်။
ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေများ ရေကိုမျှတစွာသုံးစွဲစေရန်၊ ရေအလေအလွင့်မရှိစေရန် အလှည့်ကျစနစ်ဖြင့် ရေပေးဝေသည့်အပြင် ရေချွေတာသုံးစွဲနည်းဖြစ်သည့် စိုတခါ၊ ခြောက်တလှည့် စနစ်ဖြင့် ရေအသုံးချသူများအဖွဲ့ (WUG) များနှင့် ပူးပေါင်းညှိနှိုင်း၍ ရေပေးဝေလျက်ရှိသည်။
မူးမြစ် အနောက်ဘက်ခြမ်းရှိ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ် များတွင် စိုက်ပျိုး ထားသော ဧရိယာများ အောင်ရေပြည့်မှီစွာ ရရှိရေးနှင့် မြောက်ဖျားပိုင်းသို့ စိုက်ပျိုး ရေလုံ လောက်စွာ ရောက်ရှိနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ဒေသခံ တောင်သူများ၊ (WUG) အဖွဲ့များ ပူးပေါင်းလက်တွဲကာ ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)