မင်းဘူး(စကု)မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး

မင်းဘူး မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးခြင်းကို ကုလားပါးကျေးရွာဓမ္မာရုံ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ကျောက်စံကျေးရွာနှင့် မန်းကျိုးကျေးရွာများတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းသူတို့၏ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးကြသည့် ကမ္ဘာ့နိုင်ငံများအကြောင်း ပြည်သူ့စစ်မှုထမ်းရန် အသက်အရွယ်နှင့် ထမ်းဆောင်ရမည့်ကာလအပိုင်းအခြားများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်၊ စကုနယ်မြေစခန်းမှူး ရဲအုပ်မျိုးမြင့်အောင်၊ မင်းဘူးမြို့ မြို့နယ်ဒုတိယဥပဒေအရာရှိ ဦးဟိန်းထက်ဦးတို့က ဆွေးနွေးပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသူများက မရှင်းလင်းသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ရွာသူ၊ ရွာသားများအား ပြည်သူ့စစ်ဥပဒေဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)