ဒေးဒရဲ မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒူးဒါးမလိမ်းကျေးရွာရှိ တောင်သူ ဦးဆန်းလွင်၏ ကွင်းအမှတ်(၃၆၂)၊ ဦးပိုင်အမှတ်(၂/၆)၊ ဧရိယာ(၁၀)ဧကတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ Super Sun (41) စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့ ဆီထွက်သီးနှံဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မောင်မောင် နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ကျုံဒူးဒါးမလိမ်းကျေးရွာ တောင်သူဦးဆန်းလွင်၏ လယ်မြေ(၁၀)ဧကတွင် ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းခြွေပြီး တစ်ဧကလျှင် နေကြာ(၂၅.၄၈)တင်း ထွက်ရှိကြောင်း သိရှိရသည်။
အေဇာလင်း(ပြန်/ဆက်)