(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ နေရောင်ချည်စွမ်းအင်သုံး ၂၁၅ ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖွင့်ပွဲ ကျင်းပ

မင်းဘူး မတ် ၁၀

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးရင်းခွင့်ပြုရန်ပုံငွေဖြင့် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) လက်အောက်ရှိ ကျောက်စံ လျှပ်စစ်ရေတင်လုပ်ငန်းက ဆောင်ရွက်သည့် နေရောင်ချည်စွမ်းအင်သုံး (၂၁၅)ကီလိုဝပ် ဆိုလာ ဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က အဆိုပါလျှပ်စစ်ရေတင်လုပ်ငန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဖွင့်ပွဲ အခမ်းအနားတွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်၍ ကျောက်စံဆိုလာလျှပ်စစ်ရေတင်လုပ်ငန်း ဖွင့်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ ပြီးနောက် နေရောင်ချည်စွမ်းအင်သုံး (၂၁၅) ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်း လုပ်ငန်းခွင်အား လှည့်လည်ကြည်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရှင်းလင်းဆောင်၌ လုပ်ငန်းလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးထံ နေရောင်ချည် စွမ်းအင်သုံး (၂၁၅) ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း မှတ်တမ်းဖိုင်အား လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)က မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ နေရောင်ခြည် စွမ်းအင်သုံး (၂၁၅)ကီလိုဝပ် ဆိုလာဓါတ်အားပေး စနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၅၅၉ ဒသမ ၆၉ ကျပ်သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ အဆိုပါ ဓါတ်အားပေးစနစ်သည် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်ကို တပ်ဆင်အသုံးပြုနိုင်ခဲ့သည့်အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျော့ချနိုင်မည့်အပြင် မီတာယူနစ် ကုန်ကျစရိတ် သက်သာခြင်းနှင့် စိုက်ပျိုးရေ ရယူရာတွင် စဉ်ဆက် မပြတ် ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက် ဒေသခံတောင်သူများ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို များစွာ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးစိုးညွန့်လင်းက ပြောသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး (၂၁၅) ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖော်ဆောင် နိုင်ခဲ့သည့်အတွက် အကျိုးပြု ဧရိယာ (၇၅၅)ဧကအနက် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၅၂၅ ဧကနှင့် အခြားသီးနှံ ၂၃၀ ဧကတို့ကို စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ဧက ၂၀၀ နှင့် အခြားသီးနှံ ဧက ၄၅၀ စုစုပေါင်း ဧက ၆၅၀ ကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုအခါ နွေစပါးအတွက် စိုက်ပျိုးရေများပေးဝေး၍ ဒေသခံတောင်သူများက စတင်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)