ဘားအံ မတ် ၁၀
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဖော်ခြင်း၊ စွန့်ပစ်ပလပ် စတစ်နှင့် အမှိုက်များ ရှင်းလင်းခြင်းအစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ ယန္တရားများ အသုံးပြုဆောင် ရွက်နေခြင်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများ၌ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည်စုံလုံလောက်မှုရှိ/မရှိနှင့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ကြည့်ရှုစစ်ဆေးကာ မုန့်ဈေးတန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်စင်ခန်းများ ပြည့်စုံလုံလောက်မှုရှိစေရေးနှင့် စာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် မှာကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ဘားအံပညာရေးဒီဂရီကောလိပ် အားကစားကွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသော နွေရာသီအခြေခံအားကစားသင်တန်း Fitness Dance နှင့် မြန်မာ့သိုင်းသင်တန်း သင်ကြားလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၀၈၉) မင်းဇီတောင်သူကွင်း၌ နေကြာ၊ မြေပဲ၊ ပဲပုတ်၊ နှမ်း၊ ပဲတီစိမ်း ဆောင်းဆီထွက်သီးနှံ ဧက(၅၀၀) သီးညှပ်စိုက်ခင်းအား ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသ၏ဆောင်းဆီထွက်သီးနှံအထွက်နှုန်းတိကျမှန်ကန်စွာ ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်တင်ပြကြရန် မှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ဘောလုံးအသင်းအား မတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲ များတွင် အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့ပြီး ယခုပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ကြမည့် ကရင်ပြည်နယ်ဘောလုံးအသင်းအနေဖြင့် ပြိုင်ပွဲတွင် မိမိတို့၏အမြင့်မားဆုံးသော စွမ်းဆောင်ရည်များကို ပြသပြီး ဘောလုံးအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ အောင်မြင်မှုအဆင့် အလိုက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိုက်တန်သော အားပေးချီးမြှင့်ထောက်ပံ့မှုများကို ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တံခွန်စိုက်ဆုဖလားကြီးကို ကရင်ပြည်နယ် ဇွဲကပင်မြေသို့ သယ်ဆောင်ပြီး ပြည်နယ်၏ဂုဏ်ကို ဆောင်ကြဉ်းပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ကရင်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းထံသို့ အောင်နိုင်ရေးအလံနှင့် ထောက်ပံငွေကျပ်(၁၀) သိန်းကို ချီးမြှင့်ပေးအပ်ပြီး ကရင်ပြည်နယ်ဘောလုံးဆပ်ကော်မတီ၊ ဘောလုံးအဖွဲ့ချုပ်နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ အားကစားသမား၊ အုပ်ချုပ်၊နည်းပြများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ တစ်ဦးချင်းအားပေး စကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)