ကျိုက်လတ် မတ် ၁၀
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၏ ဒုတိယအကြိမ်မြောက် A.G.T.I ဒီပလိုမာအောင်လက်မှတ် အပ်နှင်းသည့်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။
ပထမဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ထံမှ ဘွဲ့ယူမောင်မယ်များအား ဂုဏ်ပြုအမှာစကားပြောကြားမှုကို A.G.T.I ဒီပလိုမာရယူမည့်သူများက ပရိုဂျက်တာဖြင့်နာယူခဲ့ကြသည်။ ဆက်လက်၍ ခန်းမတွင်းရှိ စင်မြင့်ပေါ်တွင် ကျောင်းအုပ်ကြီး အမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များ နေရာယူပြီး နိုင်ငံတော်သီချင်း တီးလုံးဖွင့်သည့်အချိန်၌ ကြွရောက်လာကြသော ပရိသတ်အားလုံးနှင့် A.G.T.I ဒီပလိုမာရယူမည့် သူများက ငြိမ်သက်စွာ မတ်တပ်ရပ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားကျင်းပရာ A.G.T.I ဒီပလိုမာဘွဲ့အသီးသီးအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ ကြေညာခြင်းခံရသူများအား အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ကျောင်းအုပ်ကြီး ဒေါက်တာ အောင်ဟိန်းလတ်က သက်ဆိုင်ရာ ဌာနမှူးများ၏ ပို့ဆောင်ပေးမှုဖြင့် A.G.T.I ဒီပလိုမာရယူမည့်သူများအား A.G.T.I ဒီပလိုမာအသီးသီးကို အပ်နှင်းပေးခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ကြီးက A.G.T.I ဒီပလိုမာပေးအပ်ပွဲ မိန့်ခွန်းမြွက်ကြားရာတွင် ယနေ့ပြုလုပ်သော အခမ်းအနားသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် A.G.T.I (တတိယနှစ်) စာမေးပွဲကို အောင်မြင်ခဲ့သူများအား A.G.T.I ဒီပလိုမာ ပေးအပ်ချီးမြှင့်သည့် ဒုတိယအကြိမ် ပြုလုပ်သော အခမ်းအနားဖြစ်ကြောင်း၊ ယခုလို အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်နိုင်သည့်အတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက အထူးပင်ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ မောင်တို့မယ်တို့ နေထိုင်ကြသည့် ယနေ့မြန်မာနိုင်ငံတော်ကြီးတွင် သဘာဝသယံဇာတများ အလွန်ပေါကြွယ်ဝသော်လည်း နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် အကျိုးရှိစွာ ထုတ်ယူသုံးစွဲပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ နည်းပညာနှင့်သက်မွေးပညာများ စနစ်တကျကျွမ်းကျင်တတ်မြောက်သည့် လူ့စွမ်းအား အရင်းအမြစ်များစွာရဲ့ အခန်းကဏ္ဍကလည်း အရေးပါသည့် နေရာမှာရှိနေသဖြင့် မိမိတို့သင်ယူထားသည့် ပညာရပ်များသည် ဒုတိယတန်းစား မဟုတ်သည့် ပထမတန်းစား ပညာရေးစနစ်ဖြစ်ကြောင်း၊ မိမိကိုယ်မိမိယုံကြည်မှု အပြည့်အဝရှိရမည်ဖြစ်ကြောင်း၊ ဤသိပ္ပံမှ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးမှုများအပေါ် အခြေခံ၍ မိမိတို့ ကျင်လည်ကြမည့် လုပ်ငန်းခွင်အသီးသီးတွင် အောင်မြင်မှု ဆွတ်ခူးနိုင်အောင်ကြိုးစားကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ A.G.T.I ဒီပလိုမာပေးအပ် ချီးမြှင့်ခြင်းခံရသည့် တက်ရောက်ယူသူ (၆၇)ဦး နှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ၊ A.G.T.I ဒီပလိုမာ အဝေးရောက်ယူမည့်သူ ၃၀ ဦးရှိကြောင်း သိရသည်။
လှိုင်မင်းအောင်