လပွတ္တာမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်ကတ်ထုတ်ပေးလျက်ရှိ

လပွတ္တာ မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) တွင် ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် ဝင်ခွင့်ကတ်များအား ယနေ့နံနက် (၉) နာရီ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ခွင့်ကတ်များ ထုတ်ယူရာတွင် လိုင်စင်ဓာတ်ပုံ (၁) ပုံနှင့်အတူ နိုင်ငံသားကတ်များပါ ယူဆောင်လာရမည်ဖြစ်ပြီး မိမိကိုယ်တိုင် လာရောက်ထုတ်ယူရမည်။

အဆိုပါ ဝင်ခွင့်ကတ်များကို လပွတ္တာမြို့နယ်တွင် ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ လပွတ္တာမြို့နယ်တွင် စာစစ်ဌာန (၇) ဌာန ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ် ကျင်းပမည့် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် လပွတ္တာမြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူဦးရေ (၅၉၄)ဦး၊ ကျောင်းပြင်ပ ဖြေဆိုမည့် ကျောင်းသား/သူဦးရေ (၅၅)ဦး၊ စုစုပေါင်း (၆၄၉) ဦး ရှိကြောင်း လပွတ္တာမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းကျော်မြင့် (ပြန်/ဆက်)