မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်းအတွက် (ဒွါဒသမအကြိမ်) အလှူငွေပေးအပ်ပွဲကျင်းပ

ပုသိမ် မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူပြီး ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသော ဘုရားစေတီများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက်  (ဒွါဒသမအကြိမ်) အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို မတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်းအတွက် ဒွါဒသမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲဖြစ်ပါကြောင်း၊ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား နိုင်ငံတဝန်းမှ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာဖူးမြှော်နိုင်ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရင်ပြင်တော်တိုးချဲ့ခြင်း၊ မဟာရံတံတိုင်းများ ဆောက်လုပ်ခြင်းတို့အား ဘုရားပွဲအမှီ ဆောင်ရွက်ပြီးစီးစေရေးရည်မှန်း ဆောင်ရွက်ခဲ့ပြီး လာမည့်ဘုရားပွဲတော်ဖွင့်ပွဲနှင့်အတူ ရင်ပြင်တော်တိုးချဲ့ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားအား တပါတည်းကျင်းပပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ စေတီတော်မြတ်ကြီး၏ အဝင်လမ်းကွန်ကရစ်ခင်းခြင်း၊ မီးလင်းရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးအတွက်လည်း ဆောင်ရွက်ထားရှိပါကြောင်းနှင့် အာရုံခံတန်ဆောင်းများကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ရေးနှင့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေမှတ်တမ်းဗီဒီယိုအား ရှင်းလင်းပြသခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးမိသားစုကလှူဒါန်းသည့် အလှူငွေများကို ပေးအပ်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများ၊  တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် အလှူရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)