ပွင့်ဖြူ မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာတွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် (၂၁၅)ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း (ရွာသာကြီးလျှပ်စစ်ရေတင်လုပ်ငန်း) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါ ရွာသာကြီးလျှပ်စစ်ရေတင်လုပ်ငန်း အဆောက်အအုံတွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်ပြီး သီးနှံစိုက်ပျိုးစွမ်းတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရန်လုပ်ငန်းများအား လမ်းညွှန်မှာကြားသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ဒေသခံတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာတွင် (၂၁၅)ကီလိုဝပ် ဆိုလာဧဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း (ရွာသာကြီးလျှပ်စစ်ရေတင်လုပ်ငန်း)ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ဆောင်ရွက်ပေးသည့် လျှပ်စစ်ရေတင်လုပ်ငန်းကို အကျိုးရှိရှိအသုံးချပြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ သီးနှံများစိုက်ပျိုးရာ၌ စိုက်ပျိုးရေကို စနစ်တကျသုံးစွဲပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ကာ ပန်းတိုင်အထွက်နှုန်းများရရှိအောင် စိုက်ပျိုးကြစေလိုကြောင်း၊ သို့မှသာ သီးနှံဝင်ငွေတိုးပွားပြီး နိုင်ငံတော်အတွက် စားနပ်ရိက္ခာဖူလုံစေရေးကို အကျိုးပြုနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆောင်ရွက်ပြီးစီးသည့် (၂၁၅)ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း (ရွာသာကြီးလျှပ်စစ်ရေတင်လုပ်ငန်း)နှင့်စပ်လျဉ်းပြီး တာဝန်ယူဆောင်ရွက်သည့် IABLE Co. Ltd မှ လုပ်ငန်းပြီးစီးမှု အချက်အလက်မှတ်တမ်းများကို လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာတွင် သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပြီးစီးသည့် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း (ရွာသာကြီးလျှပ်စစ်ရေတင်လုပ်ငန်း) ဖွင့်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး လျှပ်စစ်ရေတင်လုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပွင့်ဖြူမြို့နယ် ရွာသာကြီးကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် (၂၁၅)ကီလိုဝပ် ဆိုလာ ဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း (ရွာသာကြီးလျှပ်စစ်ရေတင်လုပ်ငန်း)ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုးလယ်မြေဧက (၅၀၀)အတွက် ရာသီမရွေး စိုက်ပျိုးရေဖူလုံစွာရယူပြီး စိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်၍ ဒေသခံတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ မြို့နယ်တာဝန်ခံ ဦးစွမ်းထက်မြတ်ထံက သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)