ယင်းမာပင်ခရိုင် ပုလဲမြို့၌ မြို့နယ်အဆင့်လုံခြုံရေး ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်း အဝေး ကျင်းပ

ပုလဲ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ပုလဲရတနာခန်းမ၌  ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ  ကျင်းပ နိုင်ရေးအတွက် မြို့နယ်အဆင့်လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၃ရက်၊မွန်းလွဲ၁နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အဆင့်လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများမှဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း  မှာကြားခဲ့ပြီး  မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဌေးက မဲဆွယ်စည်းရုံး‌ရေး ကာလ၊ ရွေးကောက်ပွဲ ကျင်းပစဉ် ကာလနှင့်  ရွေးကောက်ပွဲ ကျင်းပပြီး  ကာလများအတွက် ဆောင်ရွက်ထားရှိသည့် လုံခြုံရေးအစီအမံ များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးထွန်းကြည်နှင့်အတွင်းရေးမှူးဒေါ်ခင်ခင်ဆွေတို့က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုအခြေအနေများကို လည်းကောင်း၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာ ရေးမှူး ဦးမြင့်ကျော်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုအခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြခဲ့သည်။

ထိုနောက် မြို့နယ်အဆင့်လုံခြုံရေးဆိုင်ရာစီမံခန့်ခွဲကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ကဆွေးနွေးမှုများနှင့်ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်ပုလဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲ အတွက် မဲရုံ၁၆၁ရုံသတ်မှတ်ထားရှိပြီး မဲဆန္ဒရှင်ပေါင်း ၁၂၆၀၀၀ကျော်ရှိကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)