ပုသိမ် မတ် ၁၀
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ(၈)ရက်နေ့သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ နေထိုင်ကြသည့် အမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက် သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နေ့ထူးနေ့မြတ်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်မျှရှိသည့် အမျိုးသမီးများသည် ကမ္ဘာ့နိုင်ငံများ၏ အဓိကကျသည့် အင်အားစုကြီးဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးများနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုမာရုံစိုက်လာစေရန်နှင့် အလေးထား အကောင်အထည်ဖော်ဆောက်ရွက်နိုင်စေရန်ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာနှင့်အဝန်း ကျင်းပကြပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း နှစ်စဉ်ဆောင်ပုဒ်များကို ချမှတ်ပေးလျက်ရှိပါကြောင်းနှင့် ယခု ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆောင်ပုဒ်မှာ “ အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး ” “Invest in Women : Accelerate Progress ” ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်၏ ဆိုလိုချက်အရ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ အင်အားအပြည့်ပါဝင်နိုင်ရေးအတွက် အမျိုးသမီးများသည် စွမ်းဆောင်ရည်မြင့်မားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်များ၏ လူမှုစီးပွားဘဝအခြေအနေ မြင့်မားရေးတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံ၌ အမျိုးသမီးများနှင့် အမျိုးသားများ တန်းတူပါဝင်ခွင့်ရရှိရေးအတွက် အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံပါဝင်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့်အမျိုးသမီးများသည် ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသည့် အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များ ဖြစ်သည့်အတွက် အမျိုးသမီးများဘဝ မြင့်မားလာစေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း” အဖွင့်အမှာစကားပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့်သဝဏ်လွှာ Video Clip နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးပို့သည့်၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေး Video Clip ပြသမှုတို့ကို ကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားရှိသည့် အမျိုးသမီးများ၏ လက်မှုထုတ်ကုန်ပစ္စည်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမနှင့် တကုန်းကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ပါရမီခန်းမတို့တွင်ပြုလုပ်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်၊ ပထမသုံးလပတ်အတွက်(ဒုတိယအသုတ်) ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသည့် ကလေးငယ်များအနေဖြင့် အာဟာရပြည့်ဝစွာရရှိနိုင်စေရေး နိုင်ငံတော်မှ ရန်ပုံငွေများ ခွဲဝေချထားပေးကာ ထောက်ပံ့ပေးခြင်းဖြစ်ပြီး မိမိတို့ကိုယ်တိုင်လာရောက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ရရှိသည့်ထောက်ပံ့ငွေများကို မိခင်ရောကလေးပါ အာဟာရပြည့်ဝစွာ စားသုံးရာတွင် အကျိုးရှိစွာ သုံးစွဲကြစေလိုကြောင်း” အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများနှင့် ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)