ကော့သောင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိ‌‌ကောင်းစရာ ချပြရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

ကော့သောင်း မတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်အဆင့်ဌာနဆိုင်ရာများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့အနေဖြင့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး နည်းဥပဒေရေးဆွဲ ပြဋ္ဌာန်းပြီးပါက သက်ဆိုင်ရာပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်မှ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန် ခေါ်ယူမည်မဟုတ်ဘဲ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ်စတင်မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ပြဌာန်းထား‌‌သော ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို အချိန်နှင့်တပြေးညီသိရှိထားရန် လိုအပ်ကြောင်းနှင့် မိမိတို့ဌာနဝန်ထမ်းများအား ချပြရှင်းလင်း‌ဆွေးနွေးပြီး ထိုမှတဆင့် မိသားစုဝင်များနှင့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာဗဟုသုတများ ပြန်လည်ချပြရှင်းလင်းရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ညွှန်ကြားချက်များအပေါ် ဆောင်ရွက်နေမှုများနှင့် သိလိုသည်များကို မေးမြန်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)