လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်ကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ကသာ မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအတက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက အမှာစကားပြောကြားခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲအတွက် မေးခွန်းများသယ်ယူရာတွင် အခက်အခဲကြားမှ သယ်ယူရကြောင်း၊ ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအနေဖြင့် မိမိတို့ကို ပေးအပ်ထားသည့် တာဝန်များအား တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် ကြီးကြပ်ရေးမှူး ဒေါ်အေးအေးလင်းတို့က လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရမည့် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပြောကြားရာတွင် လက်ထောက်ကြီးကြပ်ရေးမှူးများအနေဖြင့် ကျောင်းသား/ကျောင်းသူများ၏ စာဖြေလွှာများပေါ်တွင် ခုံနံပါတ်တပ်သည့်အခါ မှန်မမှန် စစ်ဆေးကြစေလိုကြောင်း၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အပြင်စောင့်၊ အခန်းအတွင်းစောင့်များအနေဖြင့် ကွမ်း၊ အရက်သေစာ မသောက်စားကြရန်၊ အနံ့ပြင်းလွန်းသည့် အမွှေနံ့သာများ ဆွတ်ဖျန်းခြင်း မပြုလုပ်ကြရန်၊ ဒေါက်မြင့်ဖိနပ်များ မစီးကြရန်နှင့် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူလေးများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးဂရုစိုက်ရန်၊ စာဖြေဌာနအသီးသီးတို့၌အတွင်း၊ အပြင်အစောင့်တာဝန်ကျသော ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏တာဝန်များကို အလေးထားဆောင်ရွက်ကြရန်နှင့် ကြီးကြပ်ရေးမှူးမှအပ တာဝန်ကျဆရာ/ဆရာမများ၏ လက်ကိုင်ဖုန်းများအား စာစစ်ဌာနရုံးခန်းတွင် အပ်ထားကြစေလိုကြောင်းတို့ကို အသီးသီးဆွေးနွေး ပြောကြားခဲ့ကြသည်။

ကသာမြို့ အ.ထ.က(၁) စာစစ်ဌာနတွင် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင် ရုံးအဖွဲ့အပါအဝင် (၄၂)ဦးတို့က ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ရေး တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းထံမှ သိရသည်။

ကျော်စွာထွန်း(ကသာ)