ပဲခူး မတ် ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆေးရုံဝန်းအတွင်း အစဉ်အမြဲ သန့်ရှင်းသပ်ရပ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ မြောင်းများတွင် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်သွားရန်နှင့် အသုံးပြုတော့သည့် အဆောက်အဦ အဟောင်းများ အမြန်ဆုံးဖျက်သိမ်းနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မဟာကလျာဏီ သိမ်တော်ကြီး စာသင်တိုက်အတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရှေးဟောင်းဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ပြီးပါက ထုံးသင်္ကန်းနှင့် ရွှေဆေးများ ပြန်လည်ကပ်လှူပူဇော်ရန်၊ ရေတွင်းရေကန်အဟောင်းများ ပြန်လည်တူးဖော်ပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး သန့်ရှင်းရေးလာရောက်ဆောင်ရွက်ခဲ့သော အမှတ်(၅) အခြေခံ ပညာအထက် တန်းကျောင်း(ခွဲ)နှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကလျာဏီရပ်ကွက်၊ မဇင်းချောင်းကူးတံတား ပြန်လည်အဆင့်မြှင့်တင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် မဇင်းချောင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ပိတ်ဆို့မှုမရှိစေရေး ပြန်လည်တူးဖော် ပေးနိုင်ရေး တွက်ချက်တင်ပြရန်၊ ချောင်းရိုးအတွင်း အမှိုက်စွန့်ပစ်မှု မရှိစေရေးနှင့် ရပ်ကွက်အတွင်းလမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေးနှင့် ပြည်သူများစနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် အမှိုက်သိမ်းဆည်းမှုများအချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက် အတွင်း လမ်း(ဝဲ/ယာ)၊ အများနှင့် သက်ဆိုင်သောပန်းခြံများနှင့် သောက်သုံးရေကန်များတို့တွင် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျောင်းသား/ သူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ၏ပေါင်းစုအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)