ပဲခူး မတ် ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၄ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများမှ တစ်ဦးချင်းဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးကိုယ်စားပြုဘောလုံးအသင်း၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တင်ပြချက်များနှင့ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများပေါ်ထွက်လာရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှုစသည့် အခြေခံကောင်းတွေကိုပါ အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း၊ အားကစားကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ရာတွင် လူငယ်/လူရွယ်များ အားကစားလုပ်ငန်းများတွင် ပါဝင်လာအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် တန်ဖိုးရှိသော စွမ်းရည်ထက်မြတ်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာနိုင်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးမှ အရှေ့တောင်အာရှတွင်သာမက အာရှဒေသနယ်ပယ်တွင် ထင်ပေါ်ကျော်ကြားခဲ့သော ဂိုးတင်အောင်၊ ရဲညွှန့်၊ ဆပ်သီး၊ ဝင်းမောင်ကြီး၊ စံအေး၊ မောင်မောင်ခင်၊ သိန်းထွန်းသိန်းစသည့် အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့သည့်နည်းတူ ထပ်မံ၍လည်း တိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ကိုယ်စားပြုအားကစားသမားကောင်းများ ထပ်မံပေါ်ထွက်လာစေရေး အနိုင်မခံအရှုံးမပေး နည်းစနစ်မှန်မှန်ဖြင့် ကြိုးစားယှဉ်ပြိုင်ကာ အောင်မြင်မှုများရရှိနိုင်စေကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၄ခုနှစ်၊ ပြည်နယ်/တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)အား ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြုဘောလုံးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်အားကစားသမားများရွေးချယ်မှု၊ စခန်းသွင်းလေ့ကျင့်မှုအခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အားကစားနည်းအလိုက် ချီးမြှင့်ဂုဏ်ပြုထောက်ပံ့ပေးမှုများအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
နေပြည်တော်တွင် မတ်လ(၁၅)ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပြည်နယ်/တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက်ဘောလုံးပြိုင်ပွဲသို့ ပဲခူးတိုင်းဒေသကြီးမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမား စုစုပေါင်း (၂၃)ဦး သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)