တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရန်ကုန်မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့ ဆေးကုသနေမှုအား ကြည့်ရှုအားပေး

ထားဝယ် မတ် ၁၀

ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ပြည်သူ့ဆေးရုံကြီး ၌ ထားဝယ်မြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသလျက်ရှိသော ရဟန်းရှင်လူပြည်သူဝေဒနာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှုအားပေးပြီး လူနာများအား အာဟာရဒါနလှူဒါန်းကာ  ပါမောက္ခအထူးကုဆရာဝန်ကြီးများ တွေ့ဆုံနူတ်ဆက်၍ ကျေးဇူးတင်စကား ပြောကြားကာ အထူးကုဆေးကုသရေးအစီအစဉ်အတွက် အလှူငွေကျပ် (၃၃၉၄၈၀၀) ပေးအပ်သည်။

အထူးကုသမှုများ (Super Speciality) လိုအပ်သောပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ လိုအပ်သောရောဂါရှာဖွေ စမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင် လက်လှမ်းမီရရှိခြင်းဖြင့် ပြည်သူများခံစားရသောရောဂါများကို စောစီးစွာသိရှိပြီး ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် လိုအပ်သော ကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည်ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ရန်ကုန်မြို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များ၏ ကွင်းဆင်းဆေးကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်တွင် ထားဝယ်မြို့ပေါ်သာမက ထားဝယ်ခရိုင်အတွင်း မြို့နယ် (၄) မြို့နယ်ရှိ မြို့ပေါ်ကျေးလက်ဒေသခံပြည်သူများ လာရောက်ပြသလျက်ရှိပြီး နှလုံးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးနှင့်ကျောက်ကပ်ရောဂါ၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ၊ ဦးနှောက်အာရုံကြောဆေးကုသမှုဆိုင်ရာရောဂါ၊ ဦးနှောက်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောအဆစ်ရောဂါ၊ ကင်ဆာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါနှင့် အထွေထွေ ဆေးပညာ ဆိုင်ရာရောဂါများနှင့်ပတ်သက်၍ မတ် ၁၀ ရက်နေ့အထိ ဆေးကုသမှုပေးမည်ဖြစ်သည်။

ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ(Superspecialty) ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၏ အထူးကု ကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းမှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိ ပြီး တောင်ကြီးမြို့၊ ပြည်မြို့၊သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့၊ မြစ်ကြီးနားမြို့၊ ဟင်္သာတမြို့နှင့် ယခုအခါ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသပေးခဲ့ကြောင်းသိရသည်။

လာရောက်ဆေးကုသသော ပြည်သူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြားသိခဲ့ရပါတယ်

ဒေါ်လှသန်း (ဆန်းချီရပ်ကွက်) က အဆင်ပြေအောင်ဆောင်ရွက်ပေးသည်အတွက် အစစအရာရာကျေနပ်ရပါတယ်။ ဆရာဝန်ကြီးများ ကိုင်တွယ်မှုများတွင် တော်သောကြောင့် စိတ်ချမ်းသာရပါတယ်ရှင်၊ ကျွန်မတို့အနေနဲ့ ကျန်းမာရေးပြသနိုင်ရန် ငွေရေး၊ ကြေးရေးအဆင်မပြေလူများအတွက် အစစအရာရာ နိုင်ငံတော်က ဆောင်ရွက်ပေးသည့်အတွက် နိုင်ငံတော်အားကျေးဇူးတင်ပါတယ်ရှင်၊ ရန်ကုန်မှ တကူးတက လာရောက်ကုသပေးသည့်အတွက် အထူးကုဆရာဝန်ကြီးအား ကျေးဇူးတင်ရှိပါတယ်

ဒေါ်စန်းစန်းထွေး (ဥတ္တရံတိုးချဲ့ရပ်ကွက်) က နား၊ နှာခေါင်း၊ လည်ချောင်း၊ ကြီးပေါင်းရောဂါများကို ရန်ကုန်မှာပြသဖူးတယ်၊  အစာအိမ်နှင့် အူလမ်းကြောင်းလည်းပြတယ်။  ဆီးချို၊ သွေးချိုလည်းပြဖူးတယ်။ ဝမ်းဗိုက်ထဲက ကိုက်ခဲတယ်၊ ငွေကြေးမတက်နိုင်လို့ မပြသရပဲဖြစ်နေတယ်၊ အခု အထူးကုဆရာဝန်ကြီး လာရောက်လို့ ပြသခွင့်ရသည့်အတွက် ကျေးဇူးလည်းတင်တယ်။ ဝမ်းလည်းဝမ်းသာတယ်။

ပုံကျွန်းရပ်ကွက်နေပြည်သူတစ်ဦးက နှလုံးအထူးကု လာရောက်ပြသရာတွင် အဆင်ပြေပါတယ်၊ အထူးကုဆရာဝန်ကြီးနှင့် ဆရာမများက နွေးထွေးစွာကြိုဆိုသည့်အတွက် အဆင်ပြေတယ်ဟု ပြည်သူများ၏ ရင်တွင်းစကားသံများကိုလည်း ကြားသိရကြောင်း သတင်းရရှိပါသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)