လှိုင်းဘွဲမြို့နယ်၌ ဆဋ္ဌမမြောက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူ(၁၅၃၆၂)ဦး ဆန္ဒမဲပေးပြီးဖြစ်

လှိုင်းဘွဲ     နိုဝင်ဘာ   ၄

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက် လျက်ရှိရာ သတ်မှတ်ရက်များတွင် ကြိုတင်မဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရှင်ပြည်သူများ၊ Quaratine Center များတွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသည့် မဲဆန္ဒရှင်ပြည်သူများ၊ အသက်(၆၀)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေး မဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာလ(၂၉)ရက်နေ့က စတင်၍ သတ်မှတ်နေရာများ အလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကြိုတင်ဆန္ဒမဲ လာရောက်ပေးသူများကို မဲရုံပြင်ပကြီးကြပ်ရေး တာဝန်ထမ်းဆောင်နေသူများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်များသန့်စင်ပေးခြင်း၊ နှာခေါင်းစည်းများ ထုတ်ပေးခြင်း၊ မဲရုံမှူးများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ လက်မှတ်ရေးထိုးစေခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များ အချိန်ကြန့်ကြာမှု မရှိစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးကြသည်။

လှိုင်းဘွဲမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု(၈၅)အုပ်စုတွင် မဲရုံပေါင်း(၁၇၆)ရုံရှိပြီး မဲဆန္ဒရှင် စုစုပေါင်း (၂၃၉၆၂၀)ဦးရှိကာ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၃)အုပ်စု မဲဆန္ဒနယ်အမှတ်(၁)တွင် အသက်(၆၀)နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်(၁၃၃၅၅)ဦးနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၅၂)အုပ်စု မဲဆန္ဒနယ်အမှတ်(၂)တွင် အသက်(၆၀)နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင်(၁၂၅၆၆)ဦး စုစုပေါင်း(၂၅၉၂၁)ဦးရှိရာ ဆဋ္ဌမမြောက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးပြီးသူ(၁၅၃၆၂)ဦး ဆန္ဒမဲပေးပြီးကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)