ပန်းတောင်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် အသက် (၈၅) နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဘိုးဘွားများကိုယ်စား ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးမှ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှတဆင့် ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၀) တို့တွင် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား (၁၀၄၁)ဦးတို့အတွက် တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေကျပ် သိန်း(၃၁၂၃၀၀၀)ကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မတ်လ ၈ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် အတူ အိမ်တိုင် ရာရောက် ဆက်လက်ပေးအပ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)