မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ပွင့်ဖြူ မတ် ၁၀

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကတ္တရာလမ်းသစ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်တို့က (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်းကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ပြီးစီးသည့် ကတ္တရာလမ်းသစ်အား ဒေသခံပြည်သူများ ရေရှည်အသုံးပြုသွားလာနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

အဆိုပါ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ပွင့်ဖြူမြို့၊ ကံ့ကော်လမ်း ကတ္တရာလမ်းသစ်မှာ အရှည်ပေ ၅၇၀ ရှိပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀)ဖြင့် လမ်းအကျယ် ၁၈ ပေ၊ အမြင့် ၉ လက်မ ကတ္တရာလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းကို နိုဝင်ဘာ ၂၉ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့တွင် အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

ယခုအခါ ပွင့်ဖြူမြို့၊ ကံ့ကော်လမ်းအား ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ခရီးသွားပြည်သူများအတွက် ရာသီမရွေး ယာဉ်အန္တရာယ်ကင်းရှင်းစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရကာ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ဌာန၏ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၃၈ ဒသမ ၈၀ သန်းဖြင့် ဒေသဖွံ့ဖြိုးလုပ်ငန်း စုစုပေါင်း  ၃၅ ခုကို အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)