ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဆရာကြီး၊ ဆရာမကြီး (၂)ဦးအား ထောက်ပံ့ငွေပေးအပ်

သရက် မတ် ၁၀

မကွေးတိုင်း ဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၁)ဦးနှင့် ဆရာကြီး (၁)ဦး (ငြိမ်း)တို့အား ပီတိပညာရေးပရဟိတမှ ငွေကျပ် (၁၅)သိန်းစီ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၈:၃၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက ယခုကဲ့သို့ သက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီး ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေးပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။

ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဆရာကြီး ဦးသန်းအောင်(မူအုပ်အ.မ.ကညောင်ရွာကြီး)နှင့် ဒေါ်တင်တင်ဦး(မလပြအ.မ.ကစမ်းအိုင့်)အား ပီတိပညာရေးပရဟိတမှ ထောက်ပံ့သည့်ငွေကျပ် (၁၅) သိန်းစီကို မြို့နယ်ညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးတို့ကပေးအပ်ရာ ဆရာကြီး (၁)ဦးနှင့် ဆရာမကြီး (၁)ဦးတို့က လက်ခံပေးခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစားသက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက် အလှူငွေ(၃)သောင်းကျပ်စီ လှူဒါန်းရာ ပီတိပညာရေးအဖွဲ့ဝင် ဆရာမကြီး ဒေါ်တင်တင်ယုက လက်ခံပေးခဲ့ကြောင်း သိရသည်။                                                         

ဇော်ထက်(သရက်)