ပခုက္ကူ မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို မတ်လ ၉ ရက် နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ ပြည်သာယာခန်းမရှေ့စုရပ်သတ်မှတ်၍ ကျင်းပပြုလုပ်သည်။
အဆိုပါကြိုဆို ထောက်ခံပွဲတွင် ပခုက္ကူမြို့၊ ရပ်ကွက်နေပြည်သူလူထုများက “ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက် ခံပါ၏” ၊“နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပအန္တရာယ်များ ကာကွယ်ဖို့စစ်မှုထမ်းဆောင် ကြပါစို့”၊“ဒို့တာဝန်အရေး(၃)ပါးတည်တံ့ ခိုင်မြဲဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြပါစို့”၊ “ပြည်ထောင်စုမပြိုကွဲရေး(ဒို့အရေး)”၊ “တိုင်းရင်းသားစည်းလုံး ညီညွှတ်မှုမပြိုကွဲရေး(ဒို့အရေး)”၊ “အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး(ဒို့အရေး)” စသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ပြီး ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပြည်သာယာခန်းမရှေ့စုရပ်မှ မြို့မလမ်းအတိုင်း ရွှေမုဋ္ဌောဘုရားရင်ပြင်အထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကြွေးကြော်ကြသည်။
ထို့နောက်ပခုက္ကူမြို့၊ရွှေမုဋ္ဌောဘုရားရင်ပြင်တွင် ကြိုဆိုထောက်ခံပွဲဦးဆောင်သူများက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းရှင်းလင်းဟောပြောကြကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)