ပိုင်ကျုံ နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်၌ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများက ကြိုတင်ဆန္ဒမဲ များပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကြိုတင်ဆန္ဒမဲများပေးရာတွင် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၂၉)ရက်မှ ယနေ့ထိ ကြိုတင် ဆန္ဒမဲပေးသူ (၃၁၀၆) ဦးရှိပြီး ကြိုတင်မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၂၉) ရက်မှ နိုဝင်ဘာ(၅) ရက်နေ့ ထိ နေ့စဉ်နံနက်(၈)နာရီမှ ညနေ (၄) နာရီအတွင်း ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင် ကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်း၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်မဲရုံ (၅၅) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၇)သောင်းကျော်ရှိရာ မိမိမဲဆန္ဒနယ်သို့ ပြန်လည် ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၊ တာဝန်အရမဲဆန္ဒနယ်ပြင်ပတွင် တာဝန် ထမ်းဆောင်ရမည့် မဲဆန္ဒရှင် (နိုင်ငံ့ဝန်ထမ်း) များ၊ ရွေးကောက်ပွဲ နေ့တွင် မဲရုံသို့လာရောက်နိုင် ခြင်းမရှိသော မဲဆန္ဒရှင်များသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲများ ပေးလျက် ရှိကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)