စစ်ကိုင်းမြို့ရှိ ရပ်ကွက်နေ ပြည်သူများ အလုပ်အကိုင် ရရှိရေး လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်း မတ် ၁၀

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရပ်ကွက်နေ ပြည်သူများ အလုပ်အကိုင် ရရှိရေး လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၈ ရက် မွန်းလွဲပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က သက်ဆိုင်ရာ ဌာနအနေဖြင့် ရပ်ကွက်နေပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပ ညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့တာဆိုရင် (၆) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုအကြိမ်ဖွင့်လှစ် ခဲ့တဲ့ သင်တန်းမှလည်း သင်တန်းသား သင်တန်းသူများအနေဖြင့် နည်းပညာများ ရရှိကြလိမ့်မည်ဟု ယုံးကြည်ပါကြောင်း၊ ရရှိခဲ့တဲ့ ပညာရပ်တွေကို လက်တွေ့အသုံးချပြီး မိမိတို့ရဲ့ မိသားစုများ တစ်ပိုင် တစ်နိုင် လုပ်ငန်းအဖြစ် ဆောင်ရွက်လုပ်ကိုင်သွားကြပါ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်အောင်ကြိုးစားကြပါလို့ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းမှ ထွတ်ရှိသည့် ထုတ်ကုန်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ သင်တန်းသားများက လက်ခံခဲ့ကြပြီး သင်တန်း သားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်