မင်းဘူး မတ် ၁၀
ရုပ်စုံကျောင်းဆိုသည်မှာ ဗုဒ္ဓဝင်ဇာတ်တော်များ၊ ငါးရာ့ငါးဆယ် နိပါတ်တော်လာ ဓမ္မပဒဇာတ်တော်များကို ပန်းပုလက်ရာများဖြင့် ရုပ်လုံးရုပ်ကြွပေါ်လွင်အောင်ထုလုပ်၍ တန်ဆာဆင်ထားသော ဘုရားရှိခိုးရာ ဝတ်ပြုရာ ဘုန်းတော်ကြီးကျောင်းများကို ရုပ်စုံကျောင်းဟု ခေါ်ဆိုကြသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်း ရုပ်စုံကျောင်းပေါင်းများစွာရှိပြီး၊ မန္တလေးတောင်ခြေရှိ ရွှေအင်ပင်ရုပ်စုံကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာရှိ ဆီမီးခုံရုပ်စုံယွန်းကျောင်း၊ စစ်ကိုင်းတောင်ရိုး တောင်ဆင်းလမ်း ဟံသာဂီရိချောင်းအနီး အရိယာဝံသချောင်၌ တည်ရှိသော စစ်ကိုင်းရုပ်စုံကျောင်း၊ စလေရုပ်စုံကျောင်း၊ စလင်းမြို့ ဝက်သည်းကန်အနီးမှ စလင်းရုပ်စုံကျောင်း၊ စကုမြို့ရှိ သုံးထပ်ရုပ်စုံ ကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်း၊ စကုမြို့နှင့် ပွင့်ဖြူမြို့ကြား လယ်ကိုင်းမြို့ဟောင်းရှိလယ်ကိုင်း ရုပ်စုံကျောင်းများမှာ ထင်ရှားလျက်ရှိကြသည်။
ထိုရုပ်စုံကျောင်းများအနက်မှ တစ်ချို့ ရုပ်စုံကျောင်းများမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍ ပျက်စီးယိုယွင်းလျက်ရှိပြီး တစ်ချို့ရုပ်စုံကျောင်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနက ရှေးမူလက်ရာအတိုင်း မတိမ်ကော မပပျောက်အောင် ပြန်လည်ပြုပြင်ထားသောကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများက ဗဟုသုတဖြစ်ဖွယ်ရာ ဝင်ရောက်လေ့လာကြည့်ရှုလျက် ရှိကြသည်။
ထိုရုပ်စုံကျောင်းများအနက်မှ လယ်ကိုင်းရုပ်စုံကျောင်းသည် ပွင့်ဖြူမြို့နယ် လယ်ကိုင်းမြို့ဟောင်းတွင် တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ်တွင် အလှူဒါယကာဦးအံထော်နီ အလှူဒါယိကာမ ဒေါ်အံထော်နီတို့က ငွေဒင်္ဂါး ၁၇ တင်းခွဲဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ကျောင်းကြီးကို အလျား ၁၂၈ ပေ၊ အနံ ၆၇ ပေ၊ အမြင့် ၁၁၄.၉ ပေနှင့် တိုင်လုံးပေါင်း ၂၁၄ တိုင်ရှိပြီး၊ အခန်းပေါင်း ၁၆၅ ခန်းအပြင် ပြသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီး၊ ဘောဂဆောင်တို့ဖြင့် မြန်မာဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း၏ အင်္ဂါရပ်တို့နှင့် ပြည့်စုံစွာတည်ဆောက်ထားပြီး လှေကားရှစ်စင်း တပ်ဆင်ထားကြောင်း သိရသည်။
ဘုံခုနှစ်ဆင့် ပညသာဒ်အသီးသီးတွင် ၅၅၀ နိပါတ်တော်လာ ဇာတ်ရုပ်စုံ ပန်းပုလက်ရာများထုလုပ်၍၊ ကျောင်းကြီး၏ထောင့်များ၊ လက်ရန်းများတွင် ဇာတ်တော်ကြီးဆယ်ဘွဲ့ ဗုဒ္ဓဝင်လာ ဇာတ်တော်များမှ ဇာတ်ရုပ်များ သရုပ်ဖော်ထားပြီး တစ်ခန်းနှင့် တစ်ခန်း လက်ရန်းအခန်းဆက်များတွင် ဒေါင်းရုပ်များဖြင့် ဆက်စပ် သရုပ်ဖော်ထုလုပ်ထားကြောင်း သိရသည်။ ယခုအခါ ပျက်စီးယိုယွင်းနေသဖြင့် ဆောင်မကြီးနှင့် ဘောဂဆောင်တို့ကိုသာ မြင်တွေ့ရတော့သည့် ထို့ကြောင့် နောင်လာနောက်သားများ၊ မျိုးဆက်သစ်လူ ငယ်လေးများ လေ့လာကြည့်ရှု မှတ်သားနိုင်စေခြင်းငှါ ရုပ်စုံကျောင်းတော်ကြီးများအား ပြန်လည်ပြုပြင်ကာ ထိန်းသိမ်းကြစေချင်ပါတော့သည်။
ဇေယျာထက် (မင်းဘူး)