တမူးမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အခြေခံဘောလုံး အားကစားနည်း သင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

တမူး  မတ်  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံဘောလုံးအား ကစားနည်းသင်တန်းကို မတ်လ (၁) ရက်နေ့မှစ၍ တမူးမြို့ပြည်သူ့ အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်သင်ကြားပေးရာတွင် တမူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့်  ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ဖြင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်း လူရည်ချွန်အားကစား သမားများပေါ်ထွန်းလာစေရေး၊ ဘောလုံးအားကစားခြင်းဖြင့် ကျန်းမာသန်စွမ်းထက်မြတ်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး၊ လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မဖြစ်စေရေးနှင့် လမ်းမှားမ ရောက်စေရေးအတွက် အားကစားလိုက်စားစေလိုခြင်း၊ နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားကောင်းများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်၍ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအခြေခံ ဘောလုံးအားကစားနည်းသင်တန်းသို့ တမူးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသားများနှင့်ရပ်ကွက်နှင့်ကျေးရွာများမှ စိတ်ပါဝင်စားသည့်လူငယ် (၄၀)ဦးတို့တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ(၁)ရက်နေ့မှ (၁၄) ရက်နေ့အထိ ရက်သတ္တပတ်( ၂)ပတ်ကြာ လေကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ