ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုးညိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု

မိုးညို မတ် ၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က (မိုးညို) ကျောင်းသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်လင်နှင့် ဆရာ/ဆရာမများက ကြိုဆိုခဲ့ကြပြီး ကျောင်းဝန်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ပေ (၁၀၀ × ၃၀)၊ RC (၂) ထပ် ကျောင်းဆောင်သစ်၊ ခွင့်ပြုရံပုံငွေ (၂၉၂.၉၇၁) ကျပ်သန်းဖြင့် ဆောက်လုပ်နေမှုအား သွား‌ရာက်ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ရေကင်းအုပ်စု၊ မြောက်ရွာထိပ်သို့‌ရောက်ရှိကာ မိုးညို - တာပွန် - နတ္တလင်းကားလမ်း မိုင်တိုင် (၄၁) မှ ဆင်ခေါင်းအုပ်စု၊ ရေအိုးစင်ကုန်းကျေးရွာအနီး မိုင်တိုင် (၅၃/၅) ထိ၊ စုစုပေါင်း (၁၂) မိုင် (၅) ဖာလုံ၊ အကျယ် (၁၈) ပေ၊ ထု (၉) လက်မ ကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုအခြေအနေများအား အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားကာ နတ္တလင်းမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)