ပေါင်းတည် နိုဝင်ဘာ ၄
နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာများ မီးလင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်လည်း (၂)မိုင်အတွင်းရှိ ကျေးရွာ (၂၁)ရွာအား ၂၀၂၀-ပြည့်နှစ်အတွင်း မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင်(၂)မိုင်အတွင်း ကျေးရွာများမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲမှ စတင်၍ ဗျက်ကြီးတောင်ကျေးရွာ၊ ညောင်တန်းကျေးရွာနှင့် ဗျက်ကြီး မြောက်ကျေးရွာ(၃)ရွာတို့တွင် မီးလင်းရေးအောင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် ပေါင်းတည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးလူမော်တို့ က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲလင်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိင်တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပြီး ပေါင်းတည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးလူမော်က NEP စီမံကိန်းဖြင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များ အား အသိပညာပေးပြောကြားခဲ့ရာ ကျေးရွာ ၃ ရွာ မီးလင်းရေးကော်မတီ အဖွဲ့ဝင်များကြသော ဦးထွန်းထွန်းဝင်း၊ ဦးအောင်လွင်ဦးနှင့် ဦးခင်မောင်ဝင်းတို့မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။ ထို့နောက် တက်ရောက်လာသူ ဒေသခံပြည်သူများအား မြို့နယ်လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်