ပြည်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ဇရစ်ချောင်ကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ပြည် မတ် ၉

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်းရှိ လေပြင်းဘေးဒဏ် အများဆုံး ခံစားရနိုင်သော ကျေးရွာများအားရွေးချယ်၍ မိုးမကျမီ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးသော နေအိမ်များအား အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်မြို့နယ်ဇရစ်ချောင်ကျေးရွာအုပ်စု ဇရစ်ချောင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို မြို့နယ်သဘာဝဘေးစီမံခန်ခွဲမှုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး၊ စီမံကိန်း၊ တိုင်းရင်းဆေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပေါင်းစပ်ကာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များ စေတနာ့ဝန်ထမ်း လူငယ်များနှင့်အတူ ကွင်းဆင်းပြုပြင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာ ပြင်ဆင်စရိတ် နေအိမ်တစ်လုံးလျှင် လေးသောင်းသုံးထောင်တန်ဖိုးရှိ ထရံ (၄) ချပ်၊ ဝါးအလုံး (၂၀)၊ သွပ်ကြိုးခွေ (၁) နှုန်းဖြင့် ကျေးရွာသို့တိုက်ရိုက်ပို့ဆောင်ပေးခဲ့ပြီး ပြည်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်တစ်လုံးလျှင် အိမ်ပြင်ဆင်စရိတ် လေးသောင်းသုံးထောင်ကျပ်နှုန်းဖြင့် နေအိမ်(၅၀၀)လုံးအတွက် (၂၁၅)သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစိုး(ပြည်)