တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် အသက် (၂၅) နှစ်အောက် ဘောလုံးအားကစားအဖွဲ့အား တွေ့ဆုံ

ထားဝယ် မတ် ၉

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် အသက် (၂၅) နှစ်အောက် ဘောလုံးအားကစားအဖွဲ့တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အားကစားသမားတိုင်းသည် မည်သည့်အားကစားမျိုးကိုမဆို လေ့ကျင့်ရေးပြည့်ဝအောင် အစဉ်အမြဲ လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊  အားကစားယှဉ်ပြိုင်ရာ၌ အားကစားသမားတိုင်းတွင် စိတ်ဓာတ်ခံယူချက်ကောင်းရန် လည်းလိုအပ်ကြောင်း၊  တိုင်းဒေသကြီးကိုယ်စားပြုအား ကစားသမားများသည် တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာနှင့် ဆက်စပ်နေသည့်အတွက် တနင်္သာရီတိုင်းဂုဏ်ဆောင် ထူးချွန်အားကစားသမားဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း၊  အားကစားသမားများသည် မြို့နယ်မှခရိုင်၊ ခရိုင်မှတိုင်း အဆင့်ရွေးချယ်ခံရသော အားကစားသမား ဖြစ်သောကြောင့် တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်အားကစားဖြစ်သည်ဟု ခံယူချက်ထားရှိရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားမှ နိုင်ငံ့ကိုယ်စားပြု အားကစားသမားဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းအဖွဲ့စိတ်ဓာတ်၊ စည်းကမ်း၊ မိသားစုစိတ်ဓာတ်၊ ချစ်ခင်စွာ သွားလာနေထိုင်ကြရန်နှင့် ကျန်းမာရေးဂရုစိုက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြိုင်ပွဲဝင်အားကစားအဖွဲ့အား အားပေးစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဘောလုံးအားကစားအဖွဲ့အား အနွေးထည်နှင့် အားကစားဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)